နှုတ်ခမ်းနီနှင့် ခဲဆိပ်သင့်ခြင်း (Poison kiss)
01-Mar-2017
နှုတ်ခမ်းနီကို အရောင်ပိုမိုလှပစေရန်အတွက်လည်းကောင်း၊ နှုတ်ခမ်းပေါ်တွင် တာရှည်ခံရန်အတွက်လည်းကောင်း ခဲများကို ထည့်သွင်းဖော်စပ်လာကြသည်။ သုံးစွဲသူများအနေဖြင့် မိမိအတွက် အန္တရာယ်မရှိသော စိတ်ချရသည့် အလှကုန်ကို ရွေးချယ်သုံးစွဲရန် လိုအပ်သည့်အလျှောက် နေ့စဉ်သုံးစွဲနေသော နှုတ်ခမ်းနီတွင် ခဲပါဝင်မှုပမာဏကို စမ်းသပ်ရန် လိုအပ်လာပြီးဖြစ်ကြောင်း လူအများ သတိပြုမိလာကြပေသည်။ အနောက်နိုင်ငံများတွင် အသုံးအများဆုံးသော နှုတ်ခမ်းနီ ၃၃ မျိုးအနက် တစ်ဝက်ကျော်တွင် ခဲပါဝင်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံသော နှုတ်ခမ်းနီများတွင် ခဲပါဝင်မှုပမာဏ ၀ ဒသမ ၀၃ မှ ၀ ဒသမ ၆၅ ppm ပါဝင်ကြောင်း တွေ့ရှိရသည်။
ခဲသည် ခွင့်ပြုထားသည့်ပမာဏထက် ပိုမိုသုံးစွဲမိပါက အာရုံကြောများကို ထိခိုက်စေပြီး ပညာသင်ကြားရေး၊ ကိုယ်ရည်ကိုယ်သွေး ပြဿနာများနှင့် ရင်ဆိုင်ရမည့်အပြင် ကလေးမရနိုင်ခြင်း၊ မကြာခဏသားပျက်ခြင်းတို့ ဖြစ်တတ်ပေသည်။ ခဲဆိပ်သင့်ခြင်းသည် ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မိမိတို့ထံမှ ခဲဆိပ်များ သန္ဓေသားသို့ မရောက်ရှိစေရန် ခဲများပါဝင်သော နှုတ်ခမ်းနီသုံးစွဲခြင်းကို အထူးဂရုပြု၍ ရှောင်ကြဉ်သင့်ပေသည်။ ပုံမှန်အားဖြင့် နှုတ်ခမ်းနီတောင့်တွင် ပါဝင်သော ခဲပမာဏမှာ တိုင်း၍ မရအောင်ပင် နည်းပါးရပေမည်။ သို့ရာတွင် အချို့သော နှုတ်ခမ်းနီများတွင် ခဲပါဝင်မှုမှာ ၁၀ မှ ၂၀ ppm ပင် ရှိနေကြောင်း တွေ့ရှိရသည်။
နှုတ်ခမ်းနီသည်လည်း အစားအသောက်များကဲ့သို့ပင် ခန္ဓာကိုယ်ထဲသို့ ခဲကို တိုက်ရိုက်ရောက်ရှိစေနိုင်သည်။ နှုတ်ခမ်းနီများထဲတွင် ခဲသတ္တုပါဝင်ရခြင်းမှာ ခဲသက်သက်ကို ထည့်ခြင်းမဟုတ်ဘဲ နှုတ်ခမ်းနီ ပြုလုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများဖြစ်သည့် Zinc oxide, titanium dioxide, mineral wax (သို့့) paraffin နှင့် mineral oil နှင့် petrolatum တို့မှာလည်း ခဲသတ္တုသည် ပါဝင်လာနိုင်သည်။ သို့ရာတွင် ခဲသတ္တု လုံးဝပါဝင်မှုမရှိသော နှုတ်ခမ်းနီများလည်း ရှိသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာပိုင်စိုး
ကျန်းမာရေးပညာပေးဆောင်းပါးပေါင်းချုပ် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
